(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မနေ့ညက အိမ်မက်
Labels:
fancy
ဝမ်းစာရေးအတွက် ကံတရားပေါ် ခြေချလိုက်တာနဲ့၊ ပုတ်အက်အက် အနံသက်ဆိုးက နှာခေါင်းဝကို
ထိုးနှက်တိုက်ခိုက်တယ်၊ ခေါင်းပေါ်က သူရိန်နေမင်းကြီးက ဟန်ပါပါ မာန်ဝင့်နေတယ်၊ သူ့တာဝန်ကျေဖို့
ထင်ပါရဲ့၊ ငါ့ဝမ်းထဲမှာ အသူတရာတွေ စစ်ခင်းနေလေလျော့လား အောင်းမေ့ရတယ် ဆာလောင်မှု့တွေက
နထင်မှာလာရိုက်ခတ်တယ်၊ လေးလံတဲ့ မိသားစုတာဝန်ကို ဘယ်သူမှ ထိုးမပေးပဲ ငါ့ပခုံးထက်ကို တအိအိ
ပြိုဆင်လာတာ၊ အိပ်ယာထဲ နှစ်ရှည်လများ လဲလျောင်းနဲ့တဲ့ ဖေကြီးကြောင့်လား ဒါမှမဟုတ် တအိမ်တက်
တအိမ်ဆင်း အဝတ်လျှော်ရတဲ့ မေကြီးက ဝင်ငွေနည်းခဲ့လို့လား၊ သေချာတာကတော့ ကားလမ်းဖက်ကို
များနှာမူထားတဲ့ စာသင်ကျောင်းကိုတော့ ငါကျောခိုင်းခဲ့ရတယ် ။
ဒီအချိန်ဆို ငါ့သူငယ်ချင်းတွေ မုန့်စားဆင်ချိန်၊ ဝိုင်းဖွဲ့စားရင်း သောက်ရင်းနဲ့ ပြေးလွှားဆော့ကစားနေတာ၊
ကျောင်းနောက်ခွေးတိုးပေါက်က ခိုးခိုးငေးမောခဲ့ရတာ အကြိမ်ကြိမ်၊ အဝေးဆီကလွင့်ပျံလာတဲ့ စာအံသံကို
အဝံ့မရဲနဲ့ တီးတိုးခဲ့တာလည်း အဖန်ဖန်ခါခါ၊ ဘဝဆိုတဲ့ ဝေါဟာရကို နာကျဉ်စွာ တောက်ခေါက်လိုက်တော့
မပီမသ၊ နေပါစေလို့ မရှိမဲ့ရှိမဲ့ မာနလေးကို မြေမှာချနင်းလိုက်တော့ ဟောင်လိုက်တဲ့ခွေးကွာ ။
အရပ်ထဲမှာလည်း တံစက်မိတ်ကို မဆိုထားနဲ၊့ အိမ်ရှေသစ်ရိပ်ဝါးရိပ် မနားခိုဝင့်အောင်၊ ခွေးတကောင်လို့
သူတို့မောင်ထုတ်ကြတယ်၊ နူရာဝဲဆွဲ လဲကျရာသူခိုးထောင်း မရှိတော့ခိုးနိုးနိုး မလှတော့ဆိုးနိုးနိုးနဲ့
စက္ကူတွေကိုသာ တန်ဖိုးထားတဲ့ လောကကြီးမှာ၊ ငါ့ဘဝက ကဗျာဆရာတွေအတွက် ကုန်ကြမ်းတခု၊
ပန်ချီဆရာအတွက် ကောက်ကြောင်းတခုကလွဲလို့ ဘာဆိုဘာမှ အသုံးမတည့်၊ လက်သီးကိုတင်းတင်းဆုတ်
အံကိုကြိတ်၊ လူမမြင်မှာ ရင်နာနာနဲ့ မျက်ရည်ချွေဖို့ကြံ ၊ ဒါပေမယ့် လက်ကျန် နှလုံးသွေးတွေ ဒီနေ့အတွက်
မျက်ရည် မဖြစ်လာခဲ့ဘူး ။
ပါးထက်မှစိုရွှဲသော အထိအတွေ့ကြောင့် ကျတော် အိပ်ရာမှ ရုတ်တရပ်လန့်နိုးလာတယ်၊
ပါးနှစ်ဖက်မှာမျက်ရည် အရွှဲသားအတိုင်းသား၊ အလန့်တကြား ဘေးဘီကိုငဲ့ကြည့်မိတော့၊ ညကမပိတ်မိတဲ့
ကွန်ပြူတာ မှန်သားပြင်ပေါ်က ချာတိတ်ငယ်က၊ မျက်ရည်အတိုင်းသားနဲ့ ဝေဝါးနေတဲ့ သူ့အနာဂါတ်ကို
ငေးမောနေပုံက၊ ကျတော်အဖို့ ဒီညကတော့ အိမ်မက်ဆိုးဆိုးကို မွေးထုတ်လိုက်သလိုပါပဲဗျာ ။