(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ဘ ဝ တစ် ခြမ်း ပဲ့
Labels:
poem
ဘဝရဲ့အမိုးတွေကို
ကံတရားကျဲကျဲတွေနဲ့မိုးလို့
ကျောတခင်းစာနေရာကို
ဒုက္ခတွေက တာဝန်ယူထားတယ်
ညစာထမင်းဝိုင်းရဲ့ စာမျက်နှာကို
မိဘတွေရဲ့ လက်ကျန်အမွေ
တစုံထဲသော တပတ်ရစ်တိုက်ပုံက
အပေါင်ဆိုင်က မူပိုင်ရထားတယ်
သွင်းကုန်ထုတ်ကုန်လုပ်ဖို့
အပေါင်ဆိုင်က ဘောင်ချာတွေ
ငါ့ကိုမျှော်နေမှန် သိပါတယ် ။
အပေါင်ဆိုင် အပြန်လမ်းမှာ
အနာဂါတ်အတွက် ဘခုံးနောက်က
ဝလုံးကို သုံညအမှတ်နဲ့
ယောင်မှားပြီး ထုခွဲမိလို့
ဘခုံးနောက်က သုံညတခြမ်းပဲ့နဲ့
ဘဝကို တရွတ်တိုက်ဆွဲ
အိတ်ကပ်ထဲက နှစ်ရာတန်းအနွမ်းက
ဟားတိုက်လှောင်ခဲ့တယ် ။
မကျေနပ်လို့ တောက်ခေါက်မှ
ဖိနပ်ခေါင်က ဆန္ဒပြတယ်
ခြေလှမ်းကျဲတွေမလှမ်းဝံ့အောင်ပဲ
မနေ့က မကြည့်ဖြစ်တဲ့
မှန်သားပြင်ရဲ့ စာမျက်နှာမှာလည်း
ညှင်းညှင်းသိုးသိုးဆံသားတွေက
ကျို့တို့ကျဲတဲ့နဲ့ ဟူးးးးးးးးးးးးးးးးးးးး
နှစ်ရာတန်အနွမ်းက အခုမှ
အသုံးချစရာနေရာများလိုက်တာ
မထူးတော့ပါဘူးကွာဆိုတဲ့
နောက်ဆုံး ဆုံးဖြတ်ချက်က
တလောကလုံးကိုမေ့လိုက်ဖို့
ဘီအီးဆိုင်လို့ လှမ်းရင်း လှမ်းရင်းနဲ့ ။