(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မြို့ ပတ် ရ ထား ငယ် လေး
Labels:
fancy
အော်အီးအီးအွတ်ဆိုတဲ့ လင်းကြက်တွန်သံနဲ့အတူ အာရုံဦးအလင်းမဦးခင် မြို့ပတ်ရထားစက်ခေါင်းအိုလေး
စက်သံညံညံနဲ့ ရန်ကုန်မြိုလေးကို အသက်သွင်းလိုက်ပါတယ် ဘူတာအိုအထွက်မှာ သူ့တာဝန်သူကျေဖို့
ခက်နွမ်းနွမ်း အားအင်တွေနဲ့ ယဲ့ယဲ့လေးပြုံးင်္ပြီး ခရီးသွားတွေကို စည်းရုံးနေတဲ့ဟန်ပန်က သမားအိုတပါးလို။
ဥသြသံပေးပြီး မီးခိုးအူအူနဲ့ ခေါင်းတွဲကြီးရဲ့နောက်က နောက်လိုက်တွဲတွေ ဂျုံးဂျုံးဂျက်ဂျက် စည်းချက်ပေး
ဘယ်ညာယိမ်းနွဲ့ ကနေတဲ့ဟန်က ရန်ကုန်မြို့ရဲ့ အလှတရားကို တထောင့်တနေရာက အားဖြည့်နေလေရဲ့
တဘူတာဝင် တဘူတာထွက် မညိုငြင်ပဲ ဟောင်းနွမ်းအရောင်လွင့်ပြယ်နေတဲ့ ကိုယ်ထည်တွေထက်မှာ
ဒဏ်ရာတွေပြည့်နှက်နေလည်း တကျွိကျွိငြီးညူရင်း ကုန်စည်တွေကို နိုင်နင်းစွာထမ်းပိုးပြီး ရောက်လိုရာ
ဘူတာကို နည်းတယ်များတယ် ဈေးမဆစ်ပဲ ရရာနေရာကနေ တိုင်းပြည်တာဝန်ကို ထမ်းနေလေရဲ့။
သောက်ရေတွေရမယ် သောက်ရေတွေရမယ်ဗျို့ တစာစာအော်နေသံတွေနဲ့ အမျိုးအမည်စုံလင်သော
မုန့်ပဲသရေစာတွေကို တနိုင်တပိုင်သယ်ပိုး ရောင်းချသူတို့ရဲ့ ဝမ်းရေးကိုဖေးမရင်း ဘယ်ညာလမ်းနှစ်ဖက်
အမှိုက်ပုံတွေကြားမှာတိုးဝှေ့ပြီး အစီအရီပေါက်နေတဲ့ ဇီးပင်တွေရဲ့ဆူးညှောင့်ဒဏ်ကို ကြံ့ကြံ့ခံ တွေ့နေကျ
ကျူးကျော်တဲတွေကို ဟန်လုပ်ပြုံးရင်း လက်ဝှေ့ရမ်းပြီး တစုံတခုကိုတောင်းရမ်းနေတဲ့ မျက်ဝန်းငယ်တွေကို
ဖြေသိမ့်ပေးဖို့ ကြံရာမရလို့ ကြွေမိတဲ့မျက်ရည်စက်ကို လူမမိခင်အမြန်သုပ် ခပ်သွက်သွက်လေးခရီးနှင်ခဲ့တာ
နေစဉ်ရက်စက်ဆိုတာ သံလမ်းလေးတွေက သက်သေထူသမိုင်းသက်သေပေါ့။
မိုးသည်းထဲမှာ အမိုးအကာမပါပဲ မရပ်မနားပြေးလွှားခဲ့တာ အလီလီအခါခါပါ နှင်းခါးတွေအောက်မှာ လွှမ်းခြံ
စရာမပါပဲ ရုန်းကန်ခဲ့တာ အဖန်ဖန်အလီလီ နွေနေပူမှာ ချွေးသံရွှဲရွှဲ ခရီးနှင်ခဲ့တာ အရှေဘူတာရုံလေးမှာ
ငါ့ကိုမျှော်နေမယ့်သူ ရှိနေမှာပဲလို့ အတွေးစိတ်တွေက အားစိုက်ရုန်းဖို့ဖြစ်လာတော့ သံလမ်းနှစ်သွယ်နဲ့
ရိုက်ခတ်သံတွေက ပိုမိုကျယ်လောင်လာတယ် ဂျုံးဂျက်ဂျက်နဲ့ပေါ့။
ကဲ နေလည်းစောင်းလို့ အလင်းလည်းပျောက်လုပြီ ခေတ္တနားဖို့အချိန်တန်ပြီမို့ တနေ့တာလေးအတွက်
ပင်ပန်းခဲ့သမျှကို မီးရောင်မှိန်မှိန်လေးတွေ အစားထိုးနေရာမယူလာခင်လေ ဥသြသံကျယ်ကျယ်လောင်ပေး
နောက်ဆုံးအခေါက်ပြီးဆုံးခါနီး နှုတ်ဆက်အနမ်းတွေနဲ့ ရန်ကုန်မြို့ရဲ့ ဆည်းဆာအလှကို အားဖြည့်ရင်း
အိပ်တန်းဝင်ငှက်တွေနဲ့အပြိုင် နောက်ဆုံးဘူတာရုံလေးကနေ ရန်ကုန်ဘူတာကြီးဆီသို့ လှမ်းရင်းလှမ်းရင်း။
~~ကျေးဇူးတင်ပါတယ်~~