(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ငယ်ဘဝကိုငေးမောမိစဉ်
Labels:
pame
သူငယ်ချင်း ငါတို့ဒီမြေနီလမ်းလေးကနေ
တစ်ယာက်လက်ကို တစ်ယောက်တွဲပြီး
စာသင်ကျောင်းလေးဆီ ချီတက်ခဲ့ဖူးတယ်
တနေကုန်အောင် စာတွေအံလို့အပြီး
အချိန်တန်လို့ အိမ်ပြန်တော့လည်း
မမောနိုင်မပန်းနိုင် ဒီမြေနီလမ်းလေးမှာ
ဖုံတွေ တထောင်းထောင်းထအောင်
ဇောင်းထဲကမြင်းလွတ်လာသလိုမျိုး
မြူးတူးရင်း ခုန်ပေါက်ပြေးလွှားခဲ့မိတာ
အပြစ်ကင်းစင်တဲ့ ကလေးဘဝမို့
ဒီမြေနီလမ်းလေးက ဗွေမယူခဲ့ဘူး
ကျောင်းပိတ်ရက်တွေဆို
ဒီမြေနီလမ်းလေးကိုဖြတ်ပြီး
လယ်ကွင်းပြင်ထဲက ရေကန်ကြီးဆီသို့
အလုအယက် သုတ်ခြေတင်
ဒိုင်ပင်ထိုးလိုက်တဲ့ပုံများ
ကမ္ဘာမြေလောကကြီးကို
အမေ့ကြီးမေ့ခဲ့တာ
အတွေးတွေထဲ မနေ့ကလိုပါပဲ
အပျော်ကြီးပျော်ခဲ့ကြတာ
လယ်စောင့်တဲလေးနဲ့ စာခြောက်ရုပ်က
မနာလို ဖြစ်ရလောက်အောင်
တို့တတွေ မျောက်ရှုံးခဲ့ကြတယ်
ကြာရိုးတွေလှိုင်လှိုင်ပိုက်ပြီး
ဒီမြေနီလမ်းလေးကိုနင်း
အိမ်အပြန်ခြံအဝမှာ
တုတ်တစ်ချောင်းနဲ့ စောင့်နေတဲ့
မေကြီးကို မျက်နှာချိုသွေးဖို့
မှိုနတိုငွေရောင်ဖျော့ဖျော့နဲ့
ကနဖေါ့ကြာရိုးဖြူဖြူကို ရင်မှာပိုက်
ငါးတစ်တွဲကို လက်မှာဆွဲရင်း
အလှဆုံး အပြုံးတွေကိုဆင်ပြီး
သူ့အိမ်သူဝင် ငါ့အိမ်ငါဝင်
အဆူအငေါက်ကို တိမ်းရှောင်ရင်း
ငယ်မူကို ဖော်ကျူးခဲ့ကြတယ်
ရေမိုးချိုး ညစာစားပြီး
တနေကုန်မောပန်းခဲ့သမျှကို
ခေါင်းအုံးပေါ်မှာ သရေလေးယိုခဲ့ကြတာ
မင်းတို့လည်း ငါ့လိုပဲထင်တယ်ကွာ ....