(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မေမေ့ထံသို့
Labels:
poem
အမေ့မျက်ဝန်းရဲ့ မြို့ရိုးထောင့်မှာ
လောကဓံသိုက်တူးသမားတွေ
တူးဆွခဲ့လို့ ပုလဲလုံးတွေ ကြွေကျခဲ့တာ
ကံတရားရဲ့ ပေါက်ကရတေးသွားတွေကြား
ဘဝဇာတ်ကို ဟန်ချက်ညီအောင်ကနေတာ
သားသိတယ်အမေ ။
ပုံလျက်သား လဲကျသွားတဲ့ အမေ့ဇရာက
ကမ္ဘာကြမ်းပြင်ပေါ် ခွေကျလုနီးပါးပေမယ့်
အမေ့ မာနတွေနဲ့ကုန်းရုန်းထခဲ့တာ
သားသိပါတယ် အမေ ။
ဆာလောင်မွတ်သိပ်မှု့တွေနဲ့
ဖြန့်ခင်းတက်တဲ့ သားလက်ဖဝါးကို
နေ့ဖို့ညစာ အဖြူအမည်းမခွဲခြားပဲ
ဖြည့်တင်းပေးခဲ့တာ သားသိတယ်အမေ ။
ခဏလေးပါ ခဏလေးပါအမေ
အလှည့်ကျရင် မနွဲ့စေရပါဘူး
နာကျဉ်နေတဲ့ အမေ့ရဲ့အသည်းကို
ပီတိပန်းများပွင့်စေပါ့မယ် မေမေရယ် ။
ခ လု ပ် တို က် မှ
သားလူလေး ဘယ်နားနာသွားလဲလို့
အမေ့အသည်း စကားပြောတာမဟုတ်မှန်း
သား သိ တယ် အ မေ
ခလုပ်မတိုက်ခင်မှာထဲက
ရင်ခွင်ထဲထွေးပြီး စကားတွေပြောခဲ့တာ
ငယ်စဉ်ထဲက နားရည်ဝပြီးသားမို့
အမေမကြားလောက်ပေမယ့်
စကားလေးတစ်ခွန်းလောက်ပြောချင်မိတယ်
ချစ်တယ်မေမေ သားချစ်တယ်မေမေရယ် ။